မန်တုံ မတ် ၁၀
ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇင်မာဦးက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ(၂၀၁၉)ဥပဒေပါ ကလေးသူငယ်အခွင့်အရေး(၄)မျိုးကို ရည်ရွယ်၍ ကလေးငယ်တိုင်းသည် အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူမှုအဖွဲ့ အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိရေး၊ အခွင့်အရေးများရှိခြင်း၊ မွေးဖွားသည့်ကလေးငယ်များအား မှတ်ပုံတင်ခြင်း၊ အုပ်ထိန်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျန်းမာရေးဆိုင်ရာအခွင့်အရေးများ၊ ပညာရေးဆိုင်ရာအခွင့်အရေးများ၊ မသန်စွမ်း ကလေးငယ်များ ရရှိနိုင်သော အခွင့်အရေးများ အကြောင်းကိုဟောပြောပြီး မန်တုံစခန်းမှူး ဒုရဲမှူး မြင့်လွင်က ကလေးသူငယ်ကို ပြစ်မှုဖြင့် အရေးယူ ခြင်းနှင့်ကင်းလွတ်ခွင့်၊ ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ် သက်သေများအား အကူအညီနှင့်အကာအကွယ်ပေးခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ မန်တုံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်ဌာနများမှ ဝန်ထမ်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများမှ ဆရာမများနှင့် လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများနှင့် မူလတန်းကြိုကျောင်းမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)