မချမ်းဘော့ မတ်၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် မဇမီးအောင်က အကင်းပါးတဲ့ယုန်ကလေး ပုံပြင်ဖြင့်လည်းကောင်း၊ မောင်ထင်ရောင်ဆန်းက တောလည်တဲ့ညောင်သီးလေး ပုံပြင်ဖြင့်လည်းကောင်း၊ မထန်လွန်းက ကူညီတတ်တဲ့ မနူနူပုံပြင်ဖြင့်လည်းကောင်း၊ မချီဆာနိုက ဖိုးရွှေယုန်ပုံပြင်ဖြင့်လည်းကောင်း၊ မောင်ငွားဇော်ဆာက ဝက်ဝံမိသားစု ပုံပြင်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပရာ စာဖတ်ပရိတ်သတ် ကျောင်းသား၊ ကျောင်းသူ ၃၀ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မချမ်းဘော့မြို့နယ်ရုံးအနေဖြင့် လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ သင်တန်းများကို အစဉ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)