တောင်ဥက္ကလာပ မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၃)ရပ်ကွက် ငွေကြာယံရိပ်သာနှင့် မီးရထားတိုက်တန်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှတ်(၃)ရပ်ကွက် ငွေကြာယံရိပ်သာနှင့် မီးရထားတိုက်တန်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ပိုးလောက်လန်းနှိမ်နင်းရေး ဖုံးသွန်လဲစစ်လုပ်ငန်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှုကင်းဝေးစေရေးအတွက် အဘိတ်ဆေးများလိုက်လံခတ်ပေးခြင်း၊ ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်းစသည့်ဖြင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့်ကူးစက်ရောဂါများဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)