နေပြည်တော် မတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးဦးစီးဌာနမှ ကြီးမှူး၍ ဒေသထွက်သီးနှံပို့ကုန် တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနနက် ၁၀ နာရီတွင် ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးမူဝါဒများ၊ ကုန်သွယ်မှု မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များအကြောင်းကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များနှင့် အမေးအဖြေကဏ္ဍဆွေးနွေးခြင်း၊ စားပွဲဝိုင်း ဆွေးနွေးခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်အတွင်းရှိ ဒေသထွက်သီးနှံများ အဆင့်မီစွာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ ဒေသခံကုန်သွယ်လုပ်ငန်းရှင်များ ကုန်သွယ်ရေးစနစ်များ ကောင်းစွာ နားလည်၍ ပြည်ပပို့ကုန်အများအပြား တင်ပို့နိုင်ရေး၊ တောင်သူများနှင့် လုပ်ငန်းရှင်များ စုပေါင်းဆောင်ရွက်ခြင်း၏ အကျိုးရလဒ်များ နားလည်၍ အများပိုင်လုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် ရည်ရွယ်၍ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)