မန္တလေး၊ စက်တင်ဘာ ၃၀
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စစ်ဆေးရေး ပူးပေါင်းဂိတ်စခန်း (ဂေါဝိန်) သည် ဧရာဝတီမြစ်အတွင်း ပြေးဆွဲပြီး ဂေါဝိန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော သင်္ဘောများကို ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုပြန့်ပွားမှုမရှိစေရေးအတွက် စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ (၂၉) ရက်က ဆိပ်ကမ်းကပ်လာသော တိမ်ပျံရေယာဉ်သင်္ဘောအား စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နှင့် မန္တလေးမြို့တို့ ပြေးဆွဲနေသော အဆိုပါ တိမ်ပျံယာဉ်သင်္ဘောသည် နေ့လယ် (၁) နာရီခန့်က ဂေါဝိန်ဆိပ်ကမ်းသို့ ရေယာဉ်ဝန်ထမ်း (၁၄)ဦးနှင့် ခရီးသည် (၁၇)ဦးတို့အား တင်ဆောင်ပြီး ဆိုက်ကပ်လာရာ ဂေါဝိန်ဆိပ် ကမ်းနားလမ်းမှ ရေကြောင်းဆိပ်ကမ်းမှူး ဒုရဲမှူး ဇော်လွင်နှင့် အဖွဲ့ဝင်များ၊ အမှတ် (၇)ရဲစခန်းမှ ဒုရဲအုပ် စိုးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း မဟာအောင်မြေမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါ်စိုးမိုးထွေးနှင့် အဖွဲ့ဝင်များ၊ ရေကြောင်းဦးစီးဌာန ပြည်တွင်းရေးကြောင်းမှူးနှင့် အဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်တို့သည် ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သက်ဆိုင်ရာမြို့နယ်တို့မှ ကျန်းမာရေးထောင်ခံချက်နှင့် နေထိုင်ကြောင်းထောင်ခံချက်၊ သွားရောက်မည့်နေရာဒေသ၊ လာရောက်သည့်အကြောင်းအရာများကို မေးမြန်းစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်