မိုင်းခုတ်မြို့၊ နမ့်ခုတ်ချောင်းဘေးဝဲယာရှိ ဆောင်းသီးနှံ ဂေါ်ဖီထုတ်များ အောင်မြင်ဖြစ်ထွန်း

မိုင်းခုတ် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် အားထား လုပ်ကိုင်လျက်ရှိရာ မြို့အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ခုတ်ချောင်းဘေးဝဲယာရှိ စိုက်ခင်းများတွင် စိုက်ပျိုးထားသော ဆောင်းသီးနှံဂေါ်ဖီထုတ်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဂေါ်ဖီထုတ်ကို မိုးကုန်စ တော်သလင်းမှ တန်ဆောင်မုန်းလအတွင်း ပျိုးထောင်စိုက်ပျိုးပြီး ပျိုးပင်ကလေးများ အရွက်လေးရွက်မှ ခြောက်ရွက်ထွက်လာသည့်အရွယ်တွင် ရွှေ့ ပြောင်းစိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့်တစ်ပင် တစ်ပေခွဲ၍ စိုက်ရကြောင်း၊ ဓာတ်မြေဩဇာအဖြစ် နွားချေး၊ မြေဆွေးနှင့် ပုလဲဓာတ်မြေဩဇာကို အသုံးပြုကြောင်း၊ ရေလောင်းစိုက်ပျိုးကြောင်း၊ ၃ လခန့်ကြာပါက ခူးဆွတ်ရောင်းချရကြောင်း၊ ဂေါ်ဖီထုတ်အရွယ်အစားပေါ်မူတည်၍ တစ်လုံး(သို့)နှစ်လုံး ငါးရာကျပ်၊ တစ်ထောင်ကျပ်ဖြင့် ရောင်းရကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုစားသုံးရန်အပြင် အပိုဝင်ငွေရရှိကြောင်း ဂေါ်ဖီထုပ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဝမ်ကတ်ကျေးရွာမှ ဒေါ်နန်းလူက ပြောသည်။

မိုင်းခုတ်မြို့တွင် ဂေါ်ဖီထုပ်များကို နမ့်ခုတ်ချောင်းဘေးဝဲယာရှိ သဲနှုန်းမြေပေါ်တွင် အများဆုံး စိုက် ပျိုးကြပြီး သီးသန့်သော်လည်းကောင်း၊ သီးညှပ်သော်လည်းကောင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)