ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ မတ်လ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှစာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို နံနက်ပိုင်းက ပြည်သူ့ စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ ရဲမွန်ကျော်နှင့် စာရေးဆရာစိန်ဝင်းနွယ်၊  နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာမ ချယ်ချယ် (YU) တို့က ဦးဆောင်၍ စာရေးဆရာ ခင်မောင်ညို (ဘောဂ) ရေးသားသည့် ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း စာအုပ်မှလူအများနှင့် ပြေပြေပြစ်ပြစ် ဆက်ဆံနည်းခေါင်းစဉ်ဖြင့် ဆွေနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား/သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေချစ်သူများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)