လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

မိုင်းကိုင် မတ် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နွေရာသီကျောင်းပိတ်ကာလအတွင်း လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဗဟုသုတ လေ့လာဆည်းဖူးသည့်  အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍  ယနေ့မနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမအသင်းများ စုပေါင်း၍ FREC နွေရာသီအင်္ဂလိပ်စကားပြောသင်တန်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် ကွင်းဆင်းမှုတစ်ရပ် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းမှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးဟောပြောပြီးနောက် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ရေးသားထုတ်ဝေသည့် ကလေးရသစာပေ မိုးသောက်ပန်းဂျာနယ်များဖြင့် စာဖတ်ဝိုင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ  ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ် စုစုပေါင်း ၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်နှင့် စာပေဗဟုသုတ ပြန်လည်မျှဝေနိုင်မှု ထူးချွန်ဆုရရှိသည့် Grade-2 ကျောင်းသား မောင်ဝေယံကောင်းခန့်နှင့် Grade-10 ကျောင်းသူ နန်းဆိုင်မွမ်းတို့အား  တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပြီး တက်ရောက်လာသူ လူငယ်လူရွယ် စာချစ်သူများအားလုံးကို အာဟာရ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကာ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)