ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ နမ့်စန်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ

နမ့်စန် မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၂) နာရီခွဲက နမ့်စန်မြို့၊ မြို့နယ်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းတင် (ခရိုင်အုပ်ချုပ်ရေးမှူး) က ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ဒေသဆိုင်ရာလိုအပ်ချက်များ တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံများတင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နမ့်စန်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းတင်မှ လက်ခံရယူပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသော MSMEs အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများကို လာရောက်ပြသလျက်ရှိသော ကွန်ဟိန်းမြို့နယ်၊ မိုးနဲမြို့နယ်၊နမ့်စန်မြို့နယ်တို့မှ ဒေသထွက်ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် မက္ကဒေမီးယားစိုက်ပျိုးထားရှိမှုနှင့် ပျိုးပင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ နမ့်စန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး မက္ကဒေမီးယားအသီးများကို စက်ဖြင့်အခွံချွတ်နေမှုကိုကြည့်ရှု၍ နမ့်စန်မြို့၌ စိုက်ပျိုးထားသော မန်ဂျန်ရှား စိုက်ခင်းအား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)