မန္တလေး မတ် ၁၀
ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနm (Community Centre) ကွန်ပျုတာသင်တန်းခန်းမတွင် အခြေခံကွန်ပျုတာသင်တန်း(အခမဲ့) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ ကျောင်းသား/သူများအနေဖြင့် နွေရာသီကျောင်းအားလပ်ရက်၌ အချိန်ကို အကျိုးရှိစေရန် သင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ အခြေခံကွန်ပျုတာသင်တန်းနည်းပြဆရာမ ဒေါ်တင့်တင့်ထွန်းမှ ကျောင်းသား/သူများအား လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၁၈)ဦးတက်ရောက်ကြ၍ သင်တန်းကာလမှာ မတ်လ(၁၀)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့ထိ အပတ်စဉ် သောကြာနေ့နှင့်စနေနေ့တိုင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်အောင်(ခရိုင်၊ ပြန်/ဆက်)