မိုးညှင်း မတ် ၁၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်သစ်ကူး မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေကို ယနေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာအစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းသွားရန်၊ ပြည်သူများစိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေကစားနိုင်စေရန်နှင့် ရေသဘင်ပွဲတော်တွင် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကို ဆက်လက်ထိန်းသိမ်းတတ်စေရန်၊ နှစ်သစ်ကူးအခါသမယတွင် ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေပြီး စိတ်သစ်ကိုယ်သစ်စွမ်းအားအပြည့်ဖြင့် ဆောင်ရွက်နိုင်ကြစေရန်နှင့် မြန်မာမှုမြန်မာ့ဟန် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပွဲတော်အား စည်ကားသိုက်မြိုက်စွား ကျင်းပနိုင်ရေးနှင့် လိုအပ်သည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး သင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာများနှင့်အညီ ယခင်နှစ်ထက်ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် ယိမ်းအကအဖွဲ့များ၊ သံစုံတီးဝိုင်းဖြင့် တေးသီချင်းဖျော်ဖြေရေး အစီအစဉ်များ၊ အခြားဖျော်ဖြေရေးအစီအစဉ်များဖြစ်သည့် ပျော်ပွဲရွှင်ပွဲများနှင့် စတုဒီတာဖြင့် ကျွေးမွေးဧည့်ခံခြင်းတို့ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် နှစ်သစ်ကူးမြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်အပြင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း