ချောင်းဆုံ စက်တင်ဘာ ၃၀
မွန်ပြည်နယ် ဘီလူးကျွန်းချောင်းဆုံမြို့နယ်ကမနင်းကျေးရွာနှင့် မုခနီးကျေးရွာတို့မှ အဝင်အထွက် သွားလာမှုကန့်သတ်ခြင်းများဆောင်ရွက်ထားသည့် အိမ်ခြေ (၄၈၄) အိမ်နှင့် ဘုန်းတော် ကြီးကျောင်း (၄)ကျောင်းကိုချောင်းဆုံအရှေ့ရပ်ကွက် အေးသိင်္ဂီမော် ရွှေဆိုင် မိသားစုမှ ယနေ့ နံနက်ပိုင်းက စားသောက်ကုန် (၆) မျိုးလာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အလှူရှင်မိသားစုကိုယ်စားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြနှင့် တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုလျှင် ဆန် (၆)ပြည်၊ဆီ (၆၀)သားတစ်ဗူး၊ ကြက်သွန်(၁) ပိဿာ ၊အားလူး (၁) ပိဿာ ၊ကြက်ဥ(၁၀)လုံးနှင့် ခေါက်ဆွဲခြောက် (၆)ထုပ် စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်း (၆၀) ခန့် ကိုပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ကမနင်းကျေးရွာကိုကိုဗစ်−၁၉ ရောဂါ အတည်ပြုလူနာ(၄)ဦးတွေ့ရှိပြီးနောက် စက်တင်ဘာ လ (၂၄) ရက်နေ့ကစတင်ပြီးအဝင်အထွက် သွားလာမှုကန့်သတ်ခြင်းများဆောင်ရွက်ထားပြီး လက် လုပ်လက်စားဦးရေ (၂၀၀၀) ကျော်နေထိုင်သည့်အတွက် လူမှုရေးအသင်းအဖွဲ့များ၊ နှင့် အခြား အလှူရှင်များမှ နေ့စဉ်စားသောက်ကုန်များလာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ကေအေ(ချောင်းဆုံ)