ကျိုက်ထို မတ် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ ၁၀ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ နွေရာသီဖိနပ်ချုပ်သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထိုမြိုနယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အနာဂတ်နိုင်ငံ့သားကောင်းများဖြစ်သည့် လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်စေရန် အိမ်တွင်း၊ လက်မှုပညာရပ်များကိုတတ်မြောက်စေရန် ရည်ရွယ်ကာ ဖိနပ်ချုပ်သင်တန်းကို စီစဉ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နည်းပြဆရာ ဦးမြင့်လွင်က ဖိနပ်ချုပ်လုပ်ပုံအဆင့်ဆင့်ကို ဆွေးနွေးပြောကြားပြီး လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ လူငယ် (၂၀)ဦးတို့တက်ရောက် ကြပြီး သင်တန်းတွင် ဖိနပ်ချုပ်လုပ်ရာ၌ ပုံချခြင်း၊ အလျင်ဝိုင်းခြင်း၊ ကော်သုတ်ခြင်း၊ ခေါင်စိုက်ခြင်း၊ ခေါင်တုတ်ခြင်း၊ သဲကွင်းထိုးခြင်း၊ အောက်ပိတ်ကပ်ခြင်းတို့ကို စနစ်တကျ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကာ မတ်လ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)