မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ် ထိန်း ချုပ်နိုင်ရန်ညမထွက်ရအမိန့်ထုတ်ပြန်

ကျိုက်ထို စက်တင်ဘာ ၃၀

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့လျက်ရှိရာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့နယ်တွင် အဆိုပါရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ယမန်နေ့(စက်တင်ဘာလ ၂၉) ရက်နေ့မှ စတင်ကာ  ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့်အချိန်မီထိန်းသိမ်းနိုင်ရေးအတွက်အရေးပေါ်ကိစ္စပေါ်ပေါက်လာပါကသက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှအပ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ၂၉ ရက်နေ့ မှစ၍ နေ့စဉ် ည(၁၂) နာရီမှနောက်တစ်နေ့ နံနက်(၄)နာရီအထိ    ညမထွက်ရန်အမိန့်ကို   ကျိုက်ထိုမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါညမထွက်ရအမိန့်ကို   လိုက်နာရန်ပျက်ကွက်ပါက  တည်ဆဲဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး  ၄င်းအမိန့်သည်ထုတ်ပြန်သည့်နေ့မှစ၍  (၂)လ အတည် ဖြစ်ကြောင်းညမထွက်ရအမိန့်ထုတ်ပြန်ချက်မှ သိရသည်။ 

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ ၂၉ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာ (၁၅)ဦးရှိပြီး   ဆေးရုံတွင်ဆေးကုသမှုခံယူနေသူ(၃)ဦး ၊ဆေးရုံမှဆင်းခွင့် ရသူ (၄၄) ဦးနှင့် သေဆုံးသူမရှိပါကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီး ဌာနမှ သိရသည်။

သန်းသန်းမော်(ပြန်/ဆက်)