သထုံ စက်တင်ဘာ ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ Quatantine Centre များမှ နေအိမ်သို့ ပြန်လည် ရောက်ရှိ လာသသည့် မိသားစုများအတွက် Stay at Home နေထိုင်ရမည့် ကာလအတွင်း စားဝတ် နေရေးအဆင်ပြေစေရေးအတွက် တာဝန်ရှိသူများနှင့် အလှူရှင်များပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများပေးအပ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း Stay at home နေထိုင်သူများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ သထုံခရိုင် အုပ်ချုပ်ရေးမှုးဦးမျိုးမင်းထွန်း၊မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစောညီညီထွေး၊ မြို့နယ် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် သထုံမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်၍ ကူညီထောက်ပံ့နိုင်ရန် မြို့မိ မြို့ဖများ၊ အလှူရှင်များ တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ကွက်လပ်လေးတွေဖြည့် အဖွဲ့ ဝင်များတို့က stay at home နေထိုင်သူများရှိရာ အောက်ကျင်းရပ်ကွက်၊ ထောင်မှုး ကျေးရွာ၊ ကြာပန်းကျေးရွာနှင့် ဒူးရင်းဆိပ် ကျေးရွာတို့သို့ သွားရောက်ကာ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ အာလူး စသည့် အခြေခံစား သောက်ကုန်များနှင့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၀၀၀ဝ စီအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နေအိမ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ နေထိုင်ရေး အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း stay at home နေထိုင်ရန် သတ်မှတ်ထားသည့် အိမ်ထောင်စုပေါင်း ၂၃ စု ရှိပြီး အဆိုပါနေ့တွင် အိမ်ထောင်စု ၁၈ စုထောက်ပံ့ခဲ့ကာ ကျန်ရှိအိမ်ထောင်စုများကို ဆက်လက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
သက်ဦး(သထုံ)