မိုင်းဆတ်မြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေး လုပ်ကိုင်သူများ အဆင်ပြေ

မိုင်းဆတ် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေး လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆိတ်မွေးမြူရာတွင် ခြံဝန်းများခတ်၍ စနစ်တကျ မွေးမြူနိုင်သည့်အပြင် စားကျက်မြေလွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုးကုန်ကျစရိတ်သက်သာပြီး အောင်မြင်ဖြစ်ထွန်းမှုရှိကာ ဆိတ်များသည် တစ်နှစ်လျှင် နှစ်သားနှင့် တစ်ဗိုက် ပေါက်ဖွားလေ့ရှိရာ တစ်ကြိမ်ပေါက်ဖွားလျှင် (၂)ကောင်မှ (၄)ကောင် အထိပေါက်ဖွားကြောင်း သိရသည်။

မိုင်းဆတ်မြို့မဈေးတွင် ဆိတ်အသားကောင်း တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်နှုန်း ရောင်းချရပြီး သားသတ်ဒိုင်မှ လာရောက်ဝယ်ယူလျှင် ဆိတ်အရွယ်အစားပေါ် မူတည်၍ ဆိတ်တစ်ကောင်လျှင်ကျပ် (၁)သိန်းမှ (၂)သိန်း ဝန်းကျင်အထိ ရရှိကြောင်း မိသားစုတစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ကိုင်သူ ဦးယားပါလုံးထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)