ရသေ့တောင် မတ် ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာမေးပွဲကာလအတွင်း အမက(၂)(၄)ကျောင်းများတွင် တည်းခိုချက်ပြုတ် စားသောက်နေကြသည့် ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် အကြံပြုစစ်ဆေးခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဟောပြောခြင်းနှင့် အကြံပြုစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိနှင့် မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်း မပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန် စသည့် အကြောင်းအရာများအား အသိပညာပေးပြောကြားပြီး မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ သတင်းပို့ပေးရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)