ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှုနှင့်စပ်လျဉ်း၍ လုပ်ငန်း ညိှနှိုင်း ဆောင်ရွက်

 

ကျောက်မဲ စက်တင်ဘာ  ၃၀

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းချုပ်ထားသည့် ကာလအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် မန္တလေး- လားရှိုး- မူဆယ် ကုန်တင်ယာဉ်များ သွားလာမှုနှင့် စပ်လျဉ်း၍ စံသတ် မှတ်ချက်များနှင့်အညီ သွားလာနိုင်ရေး လုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ကျောက်မဲခရိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ နာယက ဦးမျိုးကျော်က ဆွေးနွေးရာတွင် ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များသည် မန္တလေး- လားရှိုး- မူဆယ် အဝေးပြေး ပြည်ထောင်စုလမ်းမကြီးပေါ်၌ တည်ရှိနေသောကြောင့် ကုန်တင် ယာဉ်ကြီးများ ဖြတ်သန်း သွားလာ ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ စက်တင်ဘာလ(၂၈)ရက်နေ့တွင် ထုတ်ပြန်သော ညွှန်ကြားချက်များအား  တိတိကျကျ လိုက်နာကြရမည် ဖြစ်ကြောင်း၊ လိုက်နာမှု မရှိသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပါသည်။

ဆက်လက်၍ ကုန်တင်ယာဉ်များသွားလာမှုနှင့်ပတ်သက်သည့် စံသတ်မှတ်ချက်များဖြစ်သော ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် များလိုက်နာရမည့် စည်းကမ်း ချက်များ၊ ကုန်များတင်ဆောင်လာရာ လမ်းတလျှောက်တွင် ညအိပ် တစ်ထောက်ရပ်နားရန်နေရာများ၌ ဆောင်ရွက်ရမည့်အချက်များ၊ ကုန်တင်ယာဉ်ပိုင်ရှင်များ၊ ယာဉ်ဌားရမ်း သူများ၊ ကုန်ပစ္စည်းလက်ခံမည့်သူများ လိုက်နာ ရမည့်အချက်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျောက်မဲခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်ကုသရေးလုပ်ငန်း ကော်မတီများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့်လုပ်ငန်း များအပေါ် ပြန်လည် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကေသွယ်ဟန်