မိုင်းခုတ်မြို့မှ အမွှာညီကို အမှတ်တံဆိပ် စာကလေးခွေကြော် လူကြိုက်များပြီး ရောင်းအားကောင်း

မိုင်းခုတ် မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်နေသော ဒေါ်အေးမာအောင်၏ အမွှာညီကို အမှတ်တံဆိပ် စာကလေးခွေကြော်အား လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

စာကလေးခွေကြော် ပြုလုပ်မည်ဆိုပါက ဉီးစွာ ကုလားပဲကို အခြောက်လှမ်းရပြီး အမှုန့်ကြိတ် ရကြောင်း၊ ရရှိလာသော ကုလားပဲမှုန့်များအား အကြမ်းနှင့် အချောခွဲကာ အချောမှုန့် နို့ဆီဗူးဆယ်ဗူးနှင့်  ဆန်မှုန့် နို့ဆီဘူး သုံးဘူးရောကာ ဆားလက်ဖက်စားဇွန်း လေးဇွန်းထည့်ပြီး လိုသလို ရေထည့်ဖျော်ရကြောင်း၊ ယင်းနောက် အပေါက်လေးများဖောက်ထားသည့် ပိတ်စ အသန့်တွင် လိုသလောက်ထည့်ကာ ဆီပူဒယ်အိုး အတွင်း ရစ်ခွေကာညှစ်ထည့်ပြီး ကြော်ရကြောင်း၊ ရလာသော စာကလေးခွေများအား ဇကာတွင်ဆီစစ်ပြီး အေးသွားပါက အိတ်အတွင်း စာကလေးခွေသုံးချပ်စီထည့်ကာ တစ်ထုတ်လျှင် လက်လီဈေး ငါးရာကျပ်ဖြင့် ရောင်းချပြီး၊ လက်ကားဈေး တစ်ထုတ်လျှင် လေးရာကျပ်ဖြင့်ရောင်းချကြောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဈေးဆိုင်များက ကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူမှုများရှိသည့်အပြင် တယ်လီဖုန်းဖြင့် ဆက်သွယ်မှာယူပါက အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးကြောင်း၊ မုန့်ပြုလုပ်မှုအနေဖြင့် မှာယူမှု အပေါ်မူတည်ပြီး ပြုလုပ်ရကြောင်း၊ အမြတ်ငွေရရှိမှုအနေဖြင့် အထုတ်ရေ(၁၀၀)လျှင် တစ်သောင်းခွဲခန့်ရရှိ ကြောင်း ဒေါ်အေးမာအောင်က ပြောသည်။

အဆိုပါ အမွှာညီကို အမှတ်တံဆိပ် စာကလေးခွေကြော်မုန့်လုပ်ငန်းကို မိုင်းခုတ်မြို့တွင် လုပ်ကိုင်ခဲ့ သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး အခြားမြို့များသို့ တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးသော်လည်း မိုင်းခုတ်မြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူကြိုက်များသဖြင့် ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)