ကျောက်မဲ မတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်းရှိ ကုန်စုံဆိုင်များအား ယနေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီနှင့် ဝန်ထမ်းများသည် အမှတ် ၈ ရပ်ကွက်ရှိ ဦးသစ်လွင် ကုန်စုံဆိုင်နှင့် ဟဲခမ်း ကုန်စုံ ဆိုင်များသို့သွားရောက်ပြီး အဆိုပါဆိုင်များ၌ တားမြစ်ကုန်စည်များ၊ သက်တမ်းလွန် စားသောက် ကုန်များ ရောင်းချမှုရှိ/မရှိ၊ ရောင်းချမည့် ကုန်ပစ္စည်းများတွင် သတ်မှတ်ကုန်အညွှန်းအမှတ် အသားများ ပါရှိမှုရှိ/မရှိ အစရှိသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဆိုင်ပိုင်ရှင်များအား တားမြစ်ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် အသိပညာ ပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စားသုံးသူပြည်သူများ အန္တရာယ်ကင်းစွာ ဝယ်ယူစားသောက်နိုင်စေရေးအတွက် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အခြားဆက်စပ်ဌာနများသည် ကျောက်မဲမြို့နယ်ရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ မုန့်၊ ခေါက်ဆွဲ ထုတ်လုပ်သည့်လုပ်ငန်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် တိုင်းရင်းဆေးအရောင်းဆိုင်များကို လစဉ်ပုံမှန် စစ်ဆေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)