ဆွမ်ပရာဘွမ်မြို့တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ဆွမ်ပရာဘွမ် မတ် ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင် ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင် ခင်းကျင်းပြသခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူး‌ပေါင်းကျင်းပခြင်းဖြစ်ရာ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ ကျောင်းစာများနှင့် အဆက်မပြတ်စေရန်၊ နွေရာသီ ကျောင်းပိတ်ရက်များ၌ စိတ်အလေအလွင့်မရှိ ပြည်သူ့ စာကြည့်တိုက်ရှိ စာအုပ်များနှင့် တစ်ရင်းတစ်နှီးရှိစေရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အသိပညာဗဟုသုတများ ရရှိ​လာစေရန်၊ အကောင်းအဆိုး ဝေဖန်ခွဲခြားတတ်လာစေရန်နှင့် စာအုပ်များကို အသံနေ၊ အသံထားကောင်းဖြင့် ဖတ်ရှုတတ်လာစေရန် ရည်ရွယ်ပြီး မိမိတို့စိတ်ကြိုက်ပုံပြင်များဖြင့် တစ်ဦးချင်း ယှဉ်ပြိုင်ကြကာ ဆုရရှိသူများ အား တာဝန်ရှိသူများက ဆုချီးမြှင့်သည်။

ဆက်လက်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားဖတ်ရှု ကြပြီး ပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်နှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)