မက်မန်းမြို့၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်ပေးအပ်သောသာ သနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုကြိုဆိုပင့်ဆောင်

မက်မန်း မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်ပေးအပ်သော သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပညာဒီပထေရဝါဒသာသနာပြုကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသိရီအားဂုဏ်ပြု ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကြိုဆိုပင့်ဆောင်ဂုဏ်ပြုပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း ဦးဆောင်သည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့်ပြည်သူများက မက်မန်းမြို့အဝင် နမ့်နန်းတံတားမှ စတင်၍ ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။

ယင်းနောက် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပညာဒီပထေရဝါဒသာသနာပြုကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသိရီအား ဂုဏ်ပြုမော်တော်ယာဉ် ပလ္လင်ထက်သို့ပင့်ဆောင်၍ အများပြည်သူများကြည်ညိုနိုင်စေရန်အတွက် လမ်းတစ်လျှောက်လှည့်လည်အပူဇော်ခံပြီး ကျောင်းတိုက်သို့ ပင့်ဆောင်ကာ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဂုဏ်ပြုပူဇော်ခဲ့ကြကြောင်း သိရသည်။  

အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)