နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားခရိုင်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် မတ် ၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်များအတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နှင့်တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ စာစစ်ဌာန၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ  အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ သို့သွားရောက်၍  ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက စာစစ် ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်လင်းတင်ပြကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ စာစစ်ဌာနစုစုပေါင်း ၃၉ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၇၁၁၈ ဦး စာရင်းပေးသွင်းထားပြီး ယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၄၂၃ ဦး ဝင်ရောက်ဖြေဆိုကြပြီး ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၂၄ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)