တာချီလိတ် မတ် ၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက် လေယာဉ်ကွင်းသွားလမ်း အရှည်ပေ (၅၀၀၀)၊ အကျယ် (၃၆)ပေ၊ ထု (၁၀)လက်မ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းအား ၂၀၂၂ ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။
တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်နေ ဦးမင်းသူက “ကျွန်တော်တို့ ဒီလမ်းကအရင်က ကတ္တရာပေါက်ပြဲပြီး ချိုင့်တွေနဲ့ လမ်းကအတော်လေးဆိုးနေတာ၊ မိုးတွင်းဆို ရွှံ့တွေရေတွေနဲ့ လမ်းတွေကချော်ပြီး မော်တော်ဆိုင်ကယ်တွေကားတွေက ချိုင့်တွေကိုရှောင်ပြီးသွားနေရတော့ အချိန်လည်းပိုကြာသလို သွားရလာရတာလည်း အဆင်မပြေဘူးအခုလို ကွန်ကရစ်လမ်းအဆင့်မြှင့်ပြန်လုပ်လိုက်တော့ ကျွန်တော်တို့သွားရေးလာရေး အတော်လေးကောင်းသွားတယ် အခုလို လမ်းခင်းဆောင်ရွက်ပေးတဲ့ အလှူရှင်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဆေခမ်းလေယာဉ်ကွင်းသွားလမ်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၏ ဦးဆောင်မှုဖြင့် Robust Friendly Market Company က ကျပ်သန်းပေါင်း (၁၈၄၀)ကျပ်ဖြင့် လှူဒါန်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သောကြောင့် အများပြည်သူများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနေပြီ ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)