ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ပုဗ္ဗသီရိ မတ် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အဆိုပါပန်းချီသင်တန်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားရာ၌  ပင်ကိုယ်ဝါသနာကို အထောက်အပံ့ရရှိစေရန်၊ စိတ်ကူးစိတ်သန်းများကောင်းမွန်စေရန်၊ စိတ်ဖိစီးမှုကိုလျော့ကျစေရန်၊ ကိုယ်တိုင်ဖန်တီးနိုင်မှုစွမ်းအားများ တိုးတက်လာစေရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း တတ်စေရန်နှင့် မြန်မာ့ပန်းချီကို မြတ်နိုးတန်းဖိုးထားတတ်စေရန် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အချိန်တိုအတွင်း အကျိုးရှိအောင် သင်ယူကြရန်မှာကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က ပန်းချီပညာသည် ခက်ခဲနက်နဲပါကြောင်း၊ ပန်းချီကို သက်မဲ့များမှ စကားပြောသောရုပ်ပုံများဟု ဆိုနိုင်ပါကြောင်း၊ ဒါ့ကြောင့် ပညာပေးသူရှိသည့်အချိန်မှာ လေးလေးနက်နက် သင်ယူရန်မှာကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းဆရာမဒေါ်နန်းဝင်းဝင်းစိန်မှ ပန်းချီအနုပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်၊ မျဉ်းကြောင်းများအကြောင်း၊ မျဉ်းကြောင်းများအဓိပ္ပာယ်၊ အရာဝတ္ထုမူပုံရေးဆွဲခြင်း၊ အရောင်များအကြောင်း၊ လက်ချောင်းပန်းပန်းချီရေးဆွဲခြင်းစသည့် အကြောင်းအရာ များကို  စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလ မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပြန်/ဆက်)