မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မိုင်းခုတ် မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယနေ့ နေ့လယ် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒေါက်တာဖြိုးသီဟ ရေးသားသော ''ခေတ်သစ်ရဲ့တောင်း ဆိုမှုများ'' စာအုပ်ဖြင့်  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ''ဘဝမှာနေရတာတန်စေဖို့''ခေါင်းစဉ်ဖြင့် မိမိတို့လူသားများအနေဖြင့် လူ့ဘဝထဲကို ရောက်လာခြင်းသည် မြို့တစ်မြို့ကို ခရီးထွက်လာသည်နှင့် တူကြောင်း၊ မိမိတို့သည် ကမ္ဘာကြီး တည်နေသရွေ့နေခွင့်မရှိကြောင်း၊ အခိုက်အတန့်သာ နေလို့ရမည်ဖြစ်ကြောင်း၊ ခရီးထွက်သည်က ဘယ်နှရက်နေမည်၊ ဘယ်နေ့ပြန်မည်ဆို သည်ကို သတ်မှတ်ထား၍ ရသော်လည်း လူ့ဘဝတွင် ဘယ်နှရက်နေရမည်၊ ဘယ်နေ့ပြန်ရမည်ဆိုသည်ကို မည်သူမှ မသိနိုင်ကြောင်း၊ မိမိအနေဖြင့်လည်း ရွေးချယ်၍ မရပါကြောင်း၊ ထို့ကြောင့် ''လူ့ဘဝ''ဆိုသည့် နေရာကို အလည်အပတ်ရောက်တုန်း အခိုက်အတန့်တွင် တန်အောင် ဘာတွေလုပ်သင့်သလဲ ဆိုတာကို စဉ်းစားကြည့်သင့်ပါကြောင်း၊ လူ့ဘဝထဲသို့ အလည်လာသည့် အခိုက်အတန့် တန်အောင် နေသွားကြမည်ဆိုပါက နံပတ်တစ်အနေဖြင့် ဘာတွေလုပ်မည်ဆိုသည့် Checklist ထားပါ၊ နံပတ်နှစ်အနေဖြင့် လိုအပ်သည့် ပညာနှင့် ဉစ္စာကိုရှာဖွေစုဆောင်းပါ၊ နံပတ်သုံး အနေဖြင့် ဖြစ်လာမည့် အခြေအနေတိုင်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်အောင် အကောင်းမြင် စိတ်မွေးပါ၊ နံပတ်လေးအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ညှာတဲ့စိတ်ပေါ်လာတိုင်း၊ ကိုယ့်ကိုယ်ကိုယ် တားဆိးနေမိတိုင်း ထိုအတားအဆိးတွေကို ဇွတ်မှိတ်တွန်းထုတ်ပါဟု အကျယ်တဝင့် ဉီးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ''တိုင်းပြည်တိုးတက်ဖို့ ပရိုတွေလိုတယ်''၊ ''ခေတ်သစ်အတွက် ပြင်ဆင်ထားစေချင်တဲ့ အချက် ၉ ချက်'' ''ခေတ်ပညာတတ်ဆိုတာ''၊ ''ကိုယ်ဘယ်လိုလူဖြစ်ချင်လဲ သေချာဖို့''စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါ အကြောင်းအရာများကို ဝင်ရောက်ဖတ်ရှု့ဆွေးနွေးခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ်ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)