မောက်မယ် မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်း လိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချရေးကြီးကြပ်မှု အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှမြင့်တို့က အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇေယျာလွင်က စျေးပြိုင် လေလံစနစ်ဖြင့် ရောင်းချပေးရေးစည်းကမ်းချက်များအား တက်ရောက်လာကြသည့် လေလံလျှောက်လွှာ တင်ထားသူများထံ ရှင်းလင်းပြောကြားပြီး အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအားစျေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုစျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပွဲတွင် မွေတော်ရပ်ကွက်နေ ဒေါ်နန်းသန်းသန်းစိန်က မြို့မစျေးကောက် လိုင်စင်အားကျပ် (၁၂) သိန်းခွဲနှင့် မြို့မဝက်လိုင်စင်ကို ကျပ်(၉၄)သိန်းဖြင့်လည်းကောင်း၊ မြို့မအမဲလိုင်စင်ကို မွေတော်ရပ်ကွက်နေ ဦးစိုင်းအွမ်မှ ကျပ်(၅၀)သိန်းဖြင့်လည်းကောင်း အသီးသီးလေလံအောင်မြင် ရရှိခဲ့ကြကြောင်း မောက်မယ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇေယျာလွင်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)