မန်တုံမြို့ မဟာမြတ်မုနိ ဘုရားကြီးကျောင်း၌ (၂၀)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

မန်တုံ မတ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အမှတ်(၂)ရပ်ကွက် (ဟိုခို)၌ တည်ထားကိုးကွယ်သော မဟာမြတ်မုနိ ဘုရားကြီးကျောင်း၏ (၂၀)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဘုရားကြီး ကျောင်းတိုက်ဆရာတော်ထံမှ ရပ်ကွက်တွင်းရှိ ဘုရားဒကာ၊ ကျောင်းဒကာဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပဌာန်းတရားတော်များ နာယူနိုင်ရန် နတ်ဗြဟ္မာများအားပင့်ဖိတ်ခြင်း၊ ပဋ္ဌာန်းအမွှန်းဂါထာကို ရွတ်ဖတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မဟာမြတ်မုနိ ဘုရားကြီးကျောင်း၏ (၂၀)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ခြင်းကို ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော် အရှင်သူမြတ်များက သုံးရက်တိုင်အလှည့်ကျ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)