မချမ်းဘော့ မတ် ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကျောင်းသားလူငယ်များ ဗဟုသုတပြည့်ဝရန်၊ စာအုပ်စာပေနှင့် ပိုမိုဖတ်ရှုလာစေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး သက်ငယ်မုဒိမ်းမှုကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရန်လိုက်နာရမည့်အချက်များနှင့် မိမိတို့ကြုံတွေ့ခံစားရသည့် အန္တရာယ်များရှိပါက မိသားစုဝင်များကိုမကြောက်ရွံ့ဘဲ ပြောပြကြရန်နှင့် ဗဟုသုတအစဉ်တိုးပွားဖို့ စာဖတ်ကြရန်လိုအပ်ကြောင်း တို့ကိုအသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ဟောပြောပွဲ တက်ရောက်လာကြသော စာဖတ်ပရိတ်သတ် ကျောင်းသားကျောင်းသူ (၃၀) ဦးတို့က ခင်းကျင်းပြသထားသော လမ်းညွှန်းအမှတ်အသားများ၊ လမ်းအမှတ်အသားများအချက်ပြ အသိပညာပေးနံရံကပ်စာစောင်၊ ရှောင်လေဝေးဝေးမူးယစ်ဆေး အသိပညာပေး နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ကိုစိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
ယောရွှေနီ (မချမ်းဘော့)