ရွှေစည်းခုံဘုရား မေတ္တာစောင်းတန်းမိုးယိုစိမ့်၍ပြိုကျသည့် အစိတ်အပိုင်းများအားရှင်းလင်း

ညောင်ဦး  စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်ရှိ ရွှေစည်းခုံစွယ်တော် မြတ်စေတီတော်ကြီး၏ တောင်ဘက်မုခ်  မေတ္တာစောင်းတန်း အမြင့် ၁၀ပေ၊အလျား ၂၀ ပေ၊ ထု ၂၀လက်မရှိ စောင်းတန်း (ဘင်ထုပ်)သည် ယမန်နေ့ နံနက် ၆နာရီ ခွဲအချိန်ကပြိုကျခဲ့ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းကပြော ကြားသည်။

ယမန်နေ့ နံနက် ၅နာရီအချိန်ခန့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး၊ မိုးရွာသွန်းမှုကြောင့် ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး၏ တောင်ဘက်စောင်းတန်းခေါ် မေတ္တာစောင်းတန်း မြောက်ဘက်အစွန်ဖျားဆုံးအပိုင်းရှိ အမြင့် ၁၀ပေ၊ အလျား ၂၀ပေ၊ ထု ၂သလက်မ စောင်းတန်း (ဘင်းထုပ်)ပြိုကျပျက်စီးခဲ့ကြောင်းသိရပြီး အဆိုပါမေတ္တာစောင်းတန်း(ဘင်းထုပ်)အား ၁၉၆၁ခုနှစ်က တည်ဆောက်ခဲ့ကာ အုတ်တိုင်နှစ်တိုင်အား ဆက်သွယ်ထားသည့် ကွန်ကရစ်ထုပ် တန်းဖြစ်ကြောင်း သိရသည်။ စောင်းတန်း (ဘင်းထုပ်) ပြိုကျပျက် စီးမှုအား ညောင်ဦးမြို့နယ် အမှတ်(၄၁၅)တပ်ရင်းမှ အရာရှိစစ်သည်များ၊ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများအား ယမန်နေ့ ညနေ ၃နာရီအချိန်တွင်ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ကြောင်းသိ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ ပျက်စီးသွားသည့်နေရာအား ညောင်ဦးခရိုင် ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ကပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုထိန်၊ KPD