မိတ္ထီလာ မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာကို အကျိုးပြုသည့် ကျေးလက်ကုန်ထုတ်လမ်း ၉ လမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်လမ်းဖောက်လုပ်ခြင်းကို တင်ဒါစနစ်ဖြင့်ဆောင်ရွက်ခဲ့ရာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ(၈)ခုမှ ကုန်ထုတ်လမ်း(၉)လမ်း အရှည်(၉/၁.၀၈)မိုင်၊ အကျယ် ၁၂ ပေ၊ မြေသားထု ၂ လက်မ၊ ဂျင်း ၉လက်မဖြင့် စုစုပေါင်းခွင့်ပြုငွေကျပ် ၄၇၄.၈၅၇သန်းဖြင့် ဇွန်လ ၁၅ ရက်နေ့မှ စတင်၍ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ခဲ့ရာ မိတ္ထီလာမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း (၄)လမ်း၊ မလှိုင်မြို့နယ်တွင်(၂)လမ်း၊ သာစည်မြို့နယ်တွင် (၁)လမ်းနှင့် ဝမ်းတွင်းမြို့နယ်တွင် (၂)လမ်းတို့ကို ဖောက်လုပ်ခဲ့သည့်အပြင် ၎င်းလမ်းများပေါ်ရှိ မြောင်းကူးတံတား (Slab Culvert) ၁၈ စင်း၊ ရေကျော် ၅ ခုတို့ကို ခွင့်ပြုငွေကျပ် ၉၉.၈၆ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးဖြစ်သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပြီးစီးပြီဖြစ်၍ ကျေးရွာ ၂၆ ရွာမှ အကျိုးပြုစိုက်ပျိုးဧက ၄၅၈၀ ဧက၊ လူဦးရေ ၁၆၄၉၂ ဦးတို့၏ လယ်ယာထွက်ကုန်များစျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်နိုင်ပြီး လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)