ပျော်ဘွယ် မတ် ၉
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင်များက စာရေးဆရာ အောင်သင်း ရေးသားသည့် “အတွေ့အကြုံနှင့်အတွေးအကြံ” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် “လောကဓမ္မထုံးပေါင်းစာတမ်း”ကို ပြုစုခဲ့သည့် “မဟာအတုလဆရာတော်”၏ အတွေးအကြံများ တင်ပြလိုသောကြောင့် ရေးသားခဲ့ခြင်း ဖြစ်ပါကြောင်း၊ အတွေ့အကြုံ မည်မျှများပြားစေကာမူ အတွေးအကြံမပြုလျှင် တစ်ပါးလူသားတို့အတွက် အကျိုးကျေးဇူးမရှိနိုင်မှု၊ အတွေ့အကြုံ အတန်အသင့် နည်းပါးသော်လည်း အတွေးအကြံကောင်းလျှင် လူသားထုအတွက် အကျိုးကျေးဇူး သက်ရောက်မှုများပြား ပုံတွေကိုမြင်ရသည့်အတွက် လိုက်နာကျင့်ကြံ သင့်စာအုပ်ဖြစ်ကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)