ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဟိုပုံး   မတ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး‌ပေးရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီး‌ပေးရေးလုပ်ငန်းကော်မတီ၊ အတွင်း‌ရေးမှူး၊ ရှမ်းပြည်နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး‌ပေးရေးလုပ်ငန်းကော်မတီအနေနဲ့ ရှမ်းပြည်နယ်အစိုးရရဲ့ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် ကျောင်းပြင်ပမှာရောက်နေတဲ့ ကလေးတွေကို မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေး၊ အန္တရာယ်ရှိသော အလုပ်အကိုင်များမှ ကလေးအလုပ်သမားများ ပပျောက်စေရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သက်မွေးသင်တန်းတွေကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် သက်မွေးသင်တန်း(၆)မျိုးမှ သင်တန်းသား(၁၂၅)ဦးကို သက်မွေးဝမ်း ကျောင်းပညာရပ်များသင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အထည်ပန်းပုံရိုက်နဲ့ ဆေးရေးပန်းချီသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ ဟိုတယ်သင်တန်းနှစ်မျိုးဖြစ်တဲ့ Housekeeping နဲ့ Waiter and Witress သင်တန်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တိုးဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းနှင့် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်ဖို့ဆောင်ရွက်လျက်ရှိရာ ယခုဖွင့်လှစ်တဲ့သင်တန်းအပါအဝင် သင်တန်း(၉)မျိုးကိုဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း၊ မိမိပြည်နယ်မှာ ကလေးအလုပ်သမားလျော့နည်းပပျောက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍမှ တာဝန်ရှိသူများက ကြိုးစားအားထုတ်နေကြသလို သင်တန်းသား၊ သင်တန်းသူများအနေနဲ့လည်း မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေးတို့အတွက် ယခုသင်ကြားပေးမဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို ကြိုးစားအားထုတ်သင်ယူကြရန်၊ သင်တန်းကရရှိမဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ မိမိဘဝတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစဉ်အဆက်လေ့လာဆည်းပူးသင်ကြား သွားကြရန်မှာကြားသည်။ ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး‌ပေးရေးလုပ်ငန်းကော်မတီ၊ အတွင်း‌ရေးမှူး၊ ရှမ်းပြည်နယ်၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်းဆရာမများနှင့် သင်တန်းသူများအတွက် စားစရိတ်ထောက်ပံ့ငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ တွဲဖက် အတွင်းရေးမှူး ရှမ်းပြည်နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းလှိုင်က သင်တန်းသုံးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း အသီးသီးပေး အပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၄)ရက်နေ့အထိဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)