မလှိုင်မြို့နယ်၊ ထန်းပင်ကန်-မှရိုး-အမြန်လမ်း(မှရိုး-အမြန်လမ်းပိုင်း)ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

မလှိုင် မတ် ၈

(၇၈)နှစ်မြောက် ထပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မလှိုင်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်-မှရိုး-အမြန်လမ်း(မှရိုး-အမြန်လမ်းပိုင်း) ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က အဆိုပါလမ်းပေါ်ရှိ မုခ်ဦး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းက လမ်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီးနောက် မှရိုးကျေးရွာ ရပ်ဖိ၊ ရပ်ဖ ဦးမြဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မင်္ဂလာအချိန်တွင် ကတ္တရာလမ်းသစ်အား အမှတ်(၁)၊ ကုတင်(၅၀၀)စစ်ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းအောင်၊ မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်ဇေယျံလင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် အမှတ်(၁)၊ ကုတင်(၅၀၀)စစ်ဆေးရုံတပ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က လမ်းအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကတ္တရာလမ်းအရှည်မှာ (၁.၄၀၈ Km) ရှိပြီး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၂၃၀)သန်းဖြင့် ထူးပြည့်သာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းဖွင့်လှစ်ပေးနိုင်သဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း (၁၆)ရွာမှ ဒေသခံပြည်သူများ ရာသီမရွေးအသုံးပြုသွားလာနိုင်သဖြင့် သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပြီး ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။ မှရိုး-အမြန်လမ်းပိုင်း ဆက်သွယ်ဖွင့်လှစ်ပေးနိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်စွာသွားနိုင်ပြီး ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေသည်။ 

အောင်ဌေး(မလှိုင်)