ထန်းတပင်(ရန်ကုန်) မတ် ၉
ကျေးရွာပတ်ဝန်းကျင်ဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးရွာနေပြည်သူများ၏ စွမ်းဆောင်ရည်များမြှင့်တင်စေရေးနှင့် ကျေးရွာနေပြည်သူများ၏ ဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ယင်းတင်ကျေးရွာနှင့် ဓာတ်တော်ကုန်းကျေးရွာနှစ်ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပထမနှစ်စီမံကိန်းအဖြစ် အဆိုပါကျေးရွာနှစ်ရွာတို့တွင် သုံးနှစ်ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်မှာ ကျေးရွာသစ်လှုပ်ရှာမှုစီမံကိန်းကို ပထမအကြိမ်အဖြစ် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်မှာ ယင်းတင်ကျေးရွာနဲ့ ဓာတ်တော်ကုန်းကျေးရွာနှစ်ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီးတော့ ကျေးရွာတစ်ရွာကို သုံးနှစ်ဆက်တိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ပထမနှစ် စီမံကိန်းလည်းဖြစ်ပါတယ်၊ ဆောင်ရွက်တဲ့အခါမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေနဲ့ကျေးရွာ တစ်ရွာကိုငွေကျပ်သိန်း(၃ဝဝ)နဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ပြောသည်။
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ယင်းတင်ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၃ဝဝ)ဖြင့် ကျေးရွာလမ်းမီးတိုင်(၂၈)တိုင် စိုက်ထူခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ပြီးဖြစ်သလို စိုက်ပျိုးရေး၊ မွေးမြူရေး၊ တပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ(၁၁၅)ဦးကို သက်သာသော အတိုးနှုန်း (နှစ်)ရာခိုင်နှုန်းဖြင့် ငွေကျပ်(၁၀၅)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကာ ကျေးရွာလျှပ်စစ်မီးကြိုးသွယ်တန်း ရေးလုပ်ငန်းများကို ဆောင်ရွက်ဆဲဖြစ်သည်။ ဓာတ်တော်ကုန်းကျေးရွာတွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၃ဝဝ)ဖြင့် ကျေးရွာအဝင်ကွန်ကရစ်လမ်းအရှည်(၅၆၅)ပေ၊ အကျယ်(၁၂)ပေ၊ (၆)လက် မထုကိုဆောင်ရွက်ခဲ့ပြီးဖြစ်သလို စိုက်ပျိုးရေး၊ မွေးမြူရေး၊ တပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ (၉၁) ဦးတို့ကို သက်သာသော အတိုးနှုန်း (နှစ်) ရာခိုင်နှုန်းဖြင့် ငွေကျပ်(၁၀၅)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ကျေးရွာတွင်း မြေသားလမ်းပေအရှည်(၄ဝဝ)၊ အကျယ်(၁၀)နှင့်အရှည်(၃၇၀)ပေ၊ အကျယ်(၁၀)ပေ မြေသားလမ်း နှစ်ခုကိုဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ ဆက်)