စစ်တွေ မတ် ၉
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသည် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်၊ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ စာစစ်ဌာန၊ စာဖြေခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများ၌ ရေ၊ မီးရရှိနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် စာစစ်ဌာနကြီးကြပ်ရေးမှူး ဆရာကြီးတို့က လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုင်နိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၆၀ ၌ ကျောင်းသား၊ ကျောင်းသူ ၁၉၂၈၇ ဦး ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်းများ၌ တိုးချဲ့စာသင်ဆောင်များဆောက်လုပ်နေမှုနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်ဆောင်များအား သတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)