မိုင်းယောင်းမြို့တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

မိုင်းယောင်း  မတ်  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းဟန်၊ ပန်မကြူ၊ ဝမ်ဖကျေးရွာမှ တိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုများကို အမှတ်(၁၈)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က မတ် ၈ ရက်က ဆောင်ရွက်ပေးခဲ့သည်။

ဗိုလ်မှူးကျော်စွာဝင်း ဦးဆောင်သော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာတွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၁၃ ဦးအား သွေးတိုးရောဂါ၊ နှလုံးအားနည်းရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သလို ဒေသခံပြည်သူများအား နွေရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသော မတ်(ခ)လော်ခယ်၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးရဲသွေးထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုန်းလိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း