မိုင်းယောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်း  မတ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက ၂ဝ၂၃ ခုနှစ် မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍအသိအမှတ်ပြုရန်၊ ကမ္ဘာ့အမျိုးသမီးထုရဲ့ စွမ်းဆောင်ရည်များ ပိုပြီးမြင့်မားလာစေရန်၊ အောင်မြင်မှုများကိုဂုဏ်ပြုရန်၊ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို ပူးပေါင်းဖြေရှင်းရန် စသည့် အချက်များနှင့် အမျိုးသမီးများနေ့ကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က ၁၉၁၄ ခုနှစ်တွင် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေအဖြစ် သတ်မှတ်ကာ နိုင်ငံတိုင်းတွင် ယနေ့တိုင် ကျင်းပလာခဲ့ကြကြောင်း၊ ယခုနှစ် ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့” "DigitALL: Innovation and technology for gender equality" ဖြစ်ပါကြောင်း ဆွေးနွေးပြီး လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က အမျိုးသမီးထုကြီး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှုများကို ကမ္ဘာကြီးက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်အလေးထားပေးရန် ရည်ရွယ်ချက်နှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးထုကြီး၏ အောင်မြင်မှုများကို ကမ္ဘာကအသိအမှတ်ပြုပြီး အမျိုးသမီးများ၏အခန်းကဏ္ဍကို အလေးထားအာရုံစိုက်လာစေရေးအတွက် အမျိုးသမီးထု တစ်ရပ်လုံးက ကြိုးပမ်းဆောင်ရွက်ရမည်မှာဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

စိုင်းအောင်ဇော်လင်း