စဉ့်ကိုင် မတ် ၈
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပလိပ်-တံတားဦး ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးများ၊ ဆောက်လုပ်ရေး၀န်ကြီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) မန္တလေးတိုင်းဒေသကြီးတာ၀န်ခံဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့၀င်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ပရဟိတအဖွဲ့၀င်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်လွင်က လမ်းနှင့်ပတ်သက်သည့်သမိုင်းကြောင်းများအား ရှင်းလင်းပြောကြားပြီးနောက် မြို့မိ မြို့ဖတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများကပလိပ်-တံတားဦး ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ပလိပ်-တံတားဦးလမ်းသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့်လမ်းဖြစ်ပြီး၂၀၂၁ခုနှစ်၊ ဘဏ္ဍာနှစ်နှင့် ၂၀၂၃ခုနှစ်၊ ဘဏ္ဍာနှစ်တွင် ကုန်ကျငွေ(၁၃၆၉.၁၉၇)သန်းကုန်ကျခဲ့ရာ လမ်းအရှည်၂ မိုင် ၁ ဖာလုံ လမ်းအကျယ် (၂၄)ပေ ရှိကြောင်း၊ညောင်ဦးနယ်၊ ပခုက္ကူနယ်၊ မြင်းခြံနယ်၊ မြို့သာစက်မှုဇုံနှင့် တံတားဦးနယ်တို့မှ မန္တလေးမြို့သို့ ဒေသထွက်ကုန်၊ ထုတ်ကုန် သွင်းကုန်များ ကုန်စည်စီးဆင်းပို့ဆောင်သော အဓိကလမ်းမကြီးဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုများ အတွက်လမ်းပန်း ဆက်သွယ်ရေးပိုမိုကောင်းမွန်လာခြင်း၊ကုန်သွယ်စီးဆင်းမှုလျင်မြန်ချောမွေ့စေရေးနှင့်ကျန်းမာရေးပညာရေး၊ လူမှုစီးပွားတိုးတက်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲမြင့်အောင်ထံက သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)