ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို

ပုသိမ်ကြီး မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၅နေရာတို့၌ ကျောင်းသား ကျောင်းသူများ အသီးသီး  ဖြေဆိုခဲ့ကြသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်လက်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက စာစစ်ဌာန ၅နေရာ တို့တွင် အနီးကပ်ကြီးကြပ် ဆောင်ပေးခဲ့ကြသည်။ စာစစ်ဌာန ၅ခုမှာ အထက ပုသိမ်ကြီး၊ အထက မြကန်သာ၊ အထက ကျောက်မီး၊ အထကအုန်းချော၊ အထက ဆင်ရွာကြီး တို့ဖြစ်ကြသည်။

ယခုနှစ် စာမေးပွဲဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား (၂၉၆)ဦး၊ ကျောင်းသူ (၅၄၂)ဦး၊ စုစုပေါင်း(၈၃၈)ဦး ရှိပြီး၊ လာရောက်ဖြေဆို ကျောင်းသား (၂၆၈)ဦး၊ ကျောင်းသူ (၄၉၂)ဦး၊ စုစုပေါင်း(၇၆၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၀.၆၉)ရှိကာ၊ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၈)ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)