လှိုင် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာအောင်သင်း၏ အံသြစရာ ရိုးရာဓလေ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ရဲအောင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ မရွှန်းလဲ့ရတီက အဆိုပါစာအုပ်တွင် ပါရှိသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးကြောင်း သိရသည်။
ကျော်ရဲအောင် (ပြန်/ ဆက်)