ဝိုင်းမော် မတ် ၈
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈)ရက်နေ့အထိ ဘာသာရပ်အလိုက်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း စာစစ်ဌာန (၃) ခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသူ/ ကျောင်းသားများက ယနေ့ နံနက် ၉ နာရီချိန်တွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို အတွင်းဖြေဝင်ရောက် လျှောက်ထားသူ (၆)ဦး၊ အပြင်ဖြေဝင်ရောက်လျှောက်ထားသူ (၆၃၇)ဦး၊ စုစုပေါင်းတက္ကသိုလ်ဝင် စာမေးပွဲလျှောက်လွှာတင်သူ (၆၄၃) ဦးရှိသည့်အနက်၊ တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆို ကျောင်းသား (၂၀၈)ဦး၊ ကျောင်းသူ (၃၈၈)ဦး၊ စုစုပေါင်းဝင်ရောက်ဖြေဆိုသူဦးရေ (၅၉၆)ဦးနှင့် ပျက်ကွက်သူ ကျောင်းသား(၁၃)ဦး၊ ကျောင်းသူ (၃၄)ဦး၊ စုစုပေါင်း(၄၇)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရှိရသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင်တက္ကသိုလ်ဝင်စာ မေးပွဲတွင် ဖြေဆိုမည့် ကျောင်းသူကျောင်းသားများအား အနှောက်အယှက်မရှိ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအပြင်ဘက်လုံခြုံရေး(အပြင်စည်း)ကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဖြူစင် (ဝိုင်းမော်)