ဘူးသီးတောင် မတ် ၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဘူးသီတောင်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က-၁ စာစစ်ဌာန၊ အ.ထ.က-၂ စာစစ်ဌာန၊ အ.ထ.က(ခွဲ) အ.လ.က(၂)နှင့် အ.ထ.က(ခွဲ) အ.လ.က (၃)စာစစ်ဌာန၊ စုစုပေါင်းစာစစ်ဌာန(၄)ခုတို့၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေမှာ ကျောင်းသား(၉၉၅)ဦး၊ ကျောင်းသူ(၃၈၃)ဦး၊ စုစုပေါင်း(၁၃၇၈)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၈၅၆)ဦး၊ ကျောင်းသူ(၃၄၄)ဦး စုစုပေါင်း(၁၂၀၀)ဦး ဖြေဆိုလျက်ရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား(၁၃၉)ဦး၊ ကျောင်းသူ(၃၉)ဦး၊ စုစုပေါင်း(၁၇၈)ဦးရှိကြောင်း သိရသည်။
အဆိုပါစာစစ်ဌာန(၄)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေချိန်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းများ အပါအဝင် ကျောင်းအပြင်စည်းလုံခြုံရေးကော်မတီဝင်များက စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြီးကြပ်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုရာခိုင်နှုန်း(၈၇.၀၈)ရှိပြီး ပျက်ကွက်မှု ရာခိုင်နှုန်း(၁၂.၉၂)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှကျော် (ပြန်/ဆက်)