ရန်ကုန် စက်တင်ဘာ ၃၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ စည်းကမ်းချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် စက်တင်ဘာ ၂၉ ရက် ည ၉ နာရီက မီးသတ်ယာဉ်ဖြင့် လိုက်လှံလှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး၏ လမ်းညွှန်မှုဖြင့် သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်ချမ်းငြိမ်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home စည်ကမ်းချက်များဖြစ်သော ပြည်သူများ ရောဂါပိုးကူးစက်မှုမရှိစေရန်အတွက် မိမိတို့နေအိမ်၌သာနေထိုင်ကြရန်၊ နိုင်ငံဝန်ထမ်းများ ၂ ပတ်ရုံးတက်၊ ၂ပတ်အိမ်မှာနေ၍ ရုံးလုပ်ငန်းများဆောင်ရွက်ရန်၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါနှင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊ ကုန်ကြမ်းယူ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်းများ(CMP) အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား စက်တင်ဘာ ၂၄မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန်၊ မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (Mask)တပ်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန် စသည့် ညွှန်ကြားချက်များအား သိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ချက်များအား ပြည်သူများသိရှိနိုင်စေရန် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက နှိုးဆော်အသိပေးခြင်းလုပ်ငန်းများအား ပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)