နေပြည်တော် စက်တင်ဘာ ၃၀
နေပြည်တော်ရှိ ညစျေးများဖြစ်သည့် မြို့မစျေး၊ သပြေကုန်းညစျေး၊ ပုဗ္ဗသီရိညစျေးနှင့် ဒက္ခိဏသီရိညစျေး တို့အား စက် ၃၀ ရက်နေ့မှစ၍ နှစ်ပတ်(သို့မဟုတ်)သုံးပတ် ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ လူနာတွေ့ရှိမှုများပြားလာသောကြောင့် နေပြည်တော် ညစျေးများတွင် လာ ရောက်ဝယ်ယူမှု နည်းပါး နေပြီး၊ လူစုလူဝေးဖြစ်မှုကို လျှော့နိုင်သမျှ လျှော့ချသည့်အနေဖြင့် နေပြည်တော်ရှိ ညစျေးများကို ယာယီ ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ၊ မနက်ပိုင်း ဖွင့်လှစ်သည့် ကုန်စိမ်းကုန်ခြောက်ရောင်းသည့် ပျံကျစျေးများကိုမူ စားသုံး မှုပြတ်တောက်မှု မရှိစေရေးအတွက် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကထုတ်ပြန်သည့် စည်းကမ်း ချက်များ နှင့်အညီ ပိုမို တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ဝေးမြို့ဖောင်တော်ချက်မဘုရားအနီး ပျံကျစျေး ကိုလည်း ယာယီပိတ်ထားပြီး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ခွင့်မပြုဘဲ ဖွင့်ထားသည့် တရားမဝင်ပျံကျစျေးများကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနမှူး ဉီးတိုင်းကျော် က ပြောသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၉-၉-၂၀၂၀ ရက်နေ့ ည(၈)နာရီထိ ကိုဗစ်-၁၉ အတည်ပြု လူနာတွေ့ ရှိမှုအခြေအနေမှာ ဇဗ္ဗူသီရိမြို့နယ် (၆၉)ဉီး၊ ဒက္ခိဏသီရိမြို့နယ်(၁၄)ဉီး၊ ဉတ္တရ သီရိမြို့နယ်(၇)ဉီး၊ ပုဗ္ဗသီရိမြို့နယ် (၁၀)ဉီး၊ ဇေယျာသီရိမြို့နယ် (၃)ဉီး၊ ပျဉ်းမနားမြို့နယ်(၁၄)ဉီး၊ လယ်ဝေးမြို့နယ်(၁၂)ဉီးနှင့် တပ်ကုန်းမြို့နယ်(၁)ဉီး စုစုပေါင်း (၁၃၀)ဉီး ရှိကြောင်း သိရသည်။
ရွှေရွှေမြင့်(ပြန်/ဆက်)