မိုင်းဖြတ် မတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သည့် မဟာသဒ္ဓမ္မဇောဓိကဓဇ (သာသနာပြု ဒုတိယအဆင့်) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပါလအား ဂုဏဝိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ ယမန်နေ့နံနက် ၉ နာရီခွဲက စျေးတန်းပရိယတ္ထိစာသင်တိုက်ရှိ ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သံဃာတော်အရှင်မြတ်တို့ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မဟာသဒ္ဓမ္မဇောဓိကဓဇ ဘဒ္ဒန္တဓမ္မပါလနှင့် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယင်းနောက် ပန်းဒကာ ဦးနန်ဆိုင်က ရှမ်းရိုးရာ အလှူဝတ်ရွတ်စဉ်များကို ရွတ်ဖတ် ပူဇော်ခဲ့သည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက ရေစက်ချ အနုမောဒနာတရားတော်ကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် ဟောကြားတော်မူခဲ့ပြီး သံဃာတော်အရှင်သူမြတ်များအား စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှုးချုပ် ကျော်လင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် မဟာသဒ္ဓမ္မဇောဓိကဓဇ ဘဒ္ဒန္တဓမ္မပါလ၏ အတ္ထုပ္ပတ္တိအကျဉ်းကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် ဖတ်ကြားခဲ့ပြီး ဆရာတော်မှ အနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပင်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)