မော်လမြိုင် မတ် ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ စာစစ်ဌာန ၁၂ ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိရာ မော်လမြိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုသို့ သယံဇာတရေးရာဝန်ကြီးဒေါက်တာ အောင်မြတ်ကျော်စိန်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
အဆိုပါစာစစ်ဌာန ၅ ခုသို့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချို မြတ်အောင်၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြသည်။
မော်လမြိုင်မြို့နယ် စာစစ်ဌာန(၅)ခုတွင် ကျောင်းသား/ကျောင်းသူ (၁၅၄၃)ဦး၊ ချောင်းဆုံမြို့နယ် စာစစ်ဌာန(၁)ခုတွင် ကျောင်းသား /ကျောင်းသူ (၃၆၂)ဦး၊ ကျိုက်မရော မြို့နယ် စာစစ်ဌာန (၁)ခုတွင် (၁၇၉) ဦး၊ မုဒုံမြို့နယ် စာစစ်ဌာန (၂)ခုတွင် ကျောင်းသား/ ကျောင်းသူ (၆၇၄)ဦး၊ သံဖြူဇရပ်မြို့နယ် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား/ကျောင်းသူ (၅၃၈)ဦး၊ မော်လမြိုင်ခရိုင်အနေဖြင့် စုစုပေါင်း စာစစ်ဌာန (၁၂) ခုတွင် ကျောင်းသား ကျောင်းသူ (၃၂၉၆)ဦး၊ ၉၃ ဒဿမ ၅၀ ရာခိုင်နှူန်း အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)