စဉ့်ကူး မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ စာစစ်ဌာန(၂)တွင် ယနေ့မတ်လ ၈ ရက်နေ့နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာဘာသာကို အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် ရွှေပြည်(စာစစ်ဌာန)နှင့် စဉ့်ကူး(စာစစ်ဌာန) နှစ်ခုရှိရာ စာစစ်ဌာန (၂)ခုလုံးသည် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အ-ထ-က (စဉ့်ကူး)ကျောင်းတွင် ဖြေဆိုလျက်ရှိရာ အဆိုပါ စာစစ်ဌာန(၂)ခုတို့တွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်၊ သပိတ်ကျင်းခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်မွန်၊ စဉ့်ကူးမြို့နယ် ပညာရေးမှူး ဒေါ်သန္တာအောင်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီပံ့ပိုးပေးလျက်ရှိပြီး အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် နယ်မြေခံတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။
စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့်အဖွဲ့ဝင်များက သောက်ရေသန့်၊ ပေတံ၊ ခဲတံများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်ရှိ စာစစ်ဌာန (၂) ခုတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၃၅) ဦးနှင့် ကျောင်းသူ (၂၃၀) ဦး စုစုပေါင်း(၃၆၅) ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၂၃) ဦးနှင့် ကျောင်းသူ (၂၁၅)ဦး၊ စုစုပေါင်း (၃၃၈) ဦး ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား (၁၂) ဦးနှင့် ကျောင်းသူ (၁၅) ဦး စုစုပေါင်း (၂၇) ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၆၀) ရှိကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးထံမှ သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)