ဝမ်းတွင်းမြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲနှင့် မြို့နယ်အခြေပြု ပရိယတ္တိစာမေးပွဲ ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ဝမ်းတွင်း မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် မြို့နယ်အခြေပြု ပရိယတ္တိစာမေးပွဲ ဆုနှင်း သဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက သဲတောမြတ်ဘုန်းရှင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်၍ ဗဟိုကျောင်းတိုက် ဆရာတော်ဦးစိန္တိတထံမှ ငါးပါးသီလခံယူကာ သြဝါဒစကားနာယူခဲ့ကြပြီး သံဃာတော် အရှင်မြတ်များမှ “ဇယန္တောဗောဓိယာမူလေ” အောင်ဂါထာများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး စာအောင်အရှင်မြတ်များအား ဘွဲ့လက်မှတ်နှင့်အတူ စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြရာ အစိုးရပါဠိပထမပြန် စာမေးပွဲအောင်အရှင်မြတ် (၃၄) ပါး၊ မြို့နယ် အခြေပြု ပရိယတ္တိစာမေးပွဲအောင် အရှင်မြတ (၄၀) ပါး၊ စုစုပေါင်း (၇၄) ပါးတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးအရာရှိနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြတ်ဘုန်းရှင်ကျောင်း မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှ ကျေးဇူးတင် ဝမ်းမြောက်ဖွယ်ရာစကား မိန့်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် မြို့နယ်အခြေပြု ပရိယတ္တိစာမေးပွဲ ဆုနှင်းသဘင်အခမ်းအနားသို့ ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးအရာရှိနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဌေးလှိုင် (ဝမ်းတွင်း)