အမရပူရ မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနက စစ်ကိုင်း-မန္တလေးလမ်းမကြီး (ပုတ်တန်းလမ်းမှရတနာ့ဂူလမ်းအထိ) နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က လမ်းငါးခွ SPC ဆီဆိုင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက နိုင်လွန်ကတ္တရာလမ်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပေးခဲ့သည်။ ထို့နောက် ပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးသန်းဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး နိုင်လွန်ကတ္တရာလမ်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန် ဦးကျော်ဆန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စီးပွားရေးဝန်ကြီး ဦးသိန်းဋ္ဌေးနှင့် သယံဇာတဝန်ကြီး ဦးရွှေဇင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည့် ပုဂ္ဂိုလ်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်အတီ လမ်းတံတားဌာနမှ အမှတ်တရအထိမ်းအမှတ်အလံများကို ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့တို့က နိုင်လွန်ကတ္တရာလမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ယနေ့ဖွင့်လှစ်သည့် နိုင်လွန်ကတ္တရာလမ်းသည် ၁၇၀၃၂ပေ ရှည်လျားပြီး အကျယ်အားဖြင့် ၃၀ပေ-၃၆ပေ၊ ကုန်ကျငွေ ၁၂၃၇.၂၈၁ ကျပ်သန်းရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလမ်းတံတားဌာနမှ သိရသည်။
စိုးသီဟ(အမရ)